(Vanda) ဗန်ဒါသစ်ခွ
စိုက်ပျိုးခြင်း
ဗန်ဒါဟူသောအမည်မှာ
သင်သက္ကရိုက်ဘာသာမှ ဆင်းသက်လာသောစကားဖြစ်ပြီး သစ်ကပ်ပင် ဟုအဓိပ္ပါယ်ရပါသည်။ အိန္ဒြိယ၊
မြန်မာ၊ သီရိလင်္ကာနိုင်ငံတို့တွင် ပေါက်ရောက်သော
Vandn tesselata မျိုးကို စတင်တွေ့ရှိခဲ့ရာမှ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။
ဗန်ဒါမျိုးစုတွင်
မျိုးစိတ်ပေါင်း ၇၀ ခန့်ရှိပြီး အရွက်၏ပုံသဏ္ဌာန်ကိုကြည့်၍ စိုက်ပျိုးရာတွင်
အုပ်စုသုံးမျိုး ခွဲထားနိုင်ပါသည်။
၁။ ရွက်ပြားဗန်ဒါအုပ်စု
( Strap-leaved Vandas)
ဤအုပ်စုဝင်သစ်ခွများသည်
အရွက်များသာပြား၍ အသားထူသည်။ အရွက်၏အရင်းပိုင်းသည် ပင်စည်တွင် V ပုံသဏ္ဌာန်ပတ်၍နေကြသည်။
၂။ ရွက်လုံးဗန်ဒါအုပ်စု
(Terete-leaved Vandas)
ဤအုပ်စုဝင်သစ်ခွများမှာ
အရွက်များသည် ခဲတံလုံးကဲ့သို့လုံး၍ အဖျားချွန်သည်။ အရွက်ကို ကန့်လန့်ဖြတ်ကြည့် ပါကလုံးဝိုင်းနေသည်။
၃။ အရွက် မလုံးမပြား(တ၀က်ရွက်လုံး)ဗန်ဒါအုပ်စု(Semi-terete-leved Vandas)
ဤအုပ်စုဝင်သစ်ခွများမှာ
ရွက်လုံးဗန်ဒါနှင့် ရွက်ပြားဗန်ဒါတို့ကို စပ်ထားခြင်းဖြစ်ပြီး အရွက်ပုံသဏ္ဌာန်မှာ ခဲတံကဲ့သို့ဖြစ်ပြီး
အရွက်ပိုကြီး ပိုရှည်လာပြီး အဖျားချွန်သည်။ ကန့်လန့်ဖြတ်ကြည့်လျှင် လုံးဝိုင်းမနေကြပါ။
အလင်းရောင်။ ။ဗန်ဒါသစ်ခွတွင် ရွက်လုံးနှင့် တစ်ဝက်ရွက်လုံးဗန်ဒါတို့ကို
Spider-ကင်းမြီးကောက်သစ်ခွကဲ့သို့ စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်နှင့် အလင်းရောင်ကောင်းမွန်စွာ
ရရှိမှ ပန်းပွင့်နိုင်သည်။ မြေကြီးပေါ်ချ၍ဖြစ်စေ၊ အိုးဖြင့်ဖြစ်စေစိုက်ပျိုးနိုင်ပြီး
ပွါးစာအဖြစ် လေ၀င်လေထွက်ကောင်းမွန်သော အုတ်ခဲကျိုး မီးသွေးခဲတို့ကို အသုံးပြုနိုင်ပါသည်။
သစ်သားချောင်းတွင် ကပ်ချည်၍လေထဲတွဲထားပြီးစိုက်လျှင် ရေများများလောင်းပေရန်လိုအပ်သည်။
ရွက်ပြားဗန်ဒါကို အလင်းရောင်ကောင်းစွာရရှိစေပြီး နေရောင်ပြင်းထန်မှုမရှိစေရန်၊ တိုက်ရိုက်နေရောင်မကျစေရန်
အရိပ်စအောက်တွင်သာ စိုက်သင့်ပါသည်။ ရွက်ပြားဗန်ဒါကို သစ်သားခြင်းဖြင့် စိုက်လျှင် ပိုကောင်းပါသည်။
အပူချိန်နှင့်
စိုထိုင်းဆ။ ။ဗန်ဒါအုပ်စုဝင်သစ်ခွတို့ကို နေ့အပူချိန် ၆၅ံ
F ထက်မြင့်မားစေရန်နှင့် ညအပူချိန် ၅၅ံ F ထက်နိမ့်မကျစေရန်လိုအပ်သည်။ အပူရှိန် ပူနွေပြီး
အလင်းရောင်ကောင်းမွန်စွာရပါက တစ်နှစ်ပတ်လုံး
ကြီးထွားနိုင်သည်။ အချို့သော ဗန်ဒါမျိုးများမှာ အပူချိန် ၃၈ံ F အထိနိမ့်ဆင်းသွားပါက
အပင်မသေသော်လည်း အမြစ်ထိပ်နှင့် ပန်းဖူးများ
ထိခိုက်နိုင်ပါသည်။ စိုထိုင်းဆအနေဖြင့် နေသာ၍ပူနွေးသောနေ့များတွင် ၈၀%ခန့်ရှိနေသင့်ပါသည်။
ရေလောင်းခြင်း။ ။ဗန်ဒါသစ်ခွများကို
နေရောင်ပြင်းသည့်နေ့များတွင် စိုထိုင်းဆများစေရန် ရေများများလောင်းပေးသင့်ပါသည်။ အပင်စိုရုံမျှဖျန်းပေးရုံဖြင့်
မလုံလောက်ပါ။ ရေဓါတ်လိုအပ်ချက်ရှိပါက အရွက်များ ပြည့်ဖေါင်းမနေပဲ ရှုံ့တွလာပြီး ထိခိုက်နိုင်ပါသည်။
အပင်ကြီးထွားနေစဉ်နေသာသည့်နေ့များတွင် တစ်ပင်လုံး တစ်နာရီနီးပါးခန့်ထိ စိုရွှဲနေစေရန်လောင်းပေးသင့်ပါသည်။
မိုးအုံ့နေလျှင် ရေကိုလျှော့လောင်းပါ။
မြေသြဇာကျွေးခြင်း။ ။ဗန်ဒါများကြီးထွားနေစဉ် တစ်ပါတ်တစ်ကြိမ် N-P-K အချိုး ၂၁-၂၁-၂၁ ကိုကျွေးပေးပါ။ မြေသြဇာ သုံးကြိမ်ကျွေးတိုင်းတစ်ကြိမ်တွင်
၁၀-၃၀-၂၀(သို့မဟုတ်) ၁၀-၅၂-၁၇ ကို တစ်ကြိမ်ကျွေးပေးပါ။ အေးမြသည့်ရာသီတွင် အပင်ကြီးထွားမှု
နှေးသွားသဖြင့် နှစ်ပါတ်တစ်ကြိမ် ကျွေးလျှင် လုံလောက်ပါသည်။
No comments:
Post a Comment