Saturday, August 8, 2015

(Archnis) ကင်းမြီးကောက်သစ်ခွစိုက်ပျိုးခြင်း



(Archnis) ကင်းမြီးကောက်သစ်ခွစိုက်ပျိုးခြင်း
(Archnis) ကင်းမြီးကောက်သစ်ခွနှင့် ဤမျိုးစုဝင်သစ်ခွများ၊ ထို့ပြင်(Archnis) ကင်းမြီးကောက်သစ်ခွနှင့် မျိုးစပ်ထားသောသစ်ခွများသည် အပူပိုင်းဒေသ များတွင် စိုက်ပျိုးရန်လွယ်ကူပါသည်။ မြန်မာနိုင်ငံတွင် (Spider Orchid) ပင့်ကူသစ်ခွဟု လူသိများပါသည်။ အများအားဖြင့် ၆-ပေနှင့် အထက်မှာ ပွင့်နိုင်ပါသည်။ ပင်စည်ကို ကွေးညွတ်ပေးပါက ဘေးတက်များ ထွက်လာနိုင်ပါသည်။ စိုက်ပျိုးသည့်အခါ တစ်ဘောင်လျှင် နှစ်တန်းနှုန်းစိုက်ပျိုးနိုင်ပြီး အပင်အားလုံးနေရောင်ရနိုင်ရန် တောင်နှင့်မြောက်တန်း၍စိုက်သင့်ပါသည်။ မြေစိုက်သစ်ခွဖြစ်ပြီး အပင်ခြေကို ကောက်ရိုးခြောက်၊ မြက်ခြောက်၊ ရွေဘော်စာ၊ သစ်ဆွေးများ ပုံပေးနိုင်ပါသည်။ ဘောင်တန်းလုပ်ရာတွင် အသုံးပြုသည့်တိုင်မှာ အပင်ထက်တိုသင့်ပြီး တိုင်က အပင်ထက်ရှည်နေပါက ကောင်းစွာ ပန်းမပွင့်နိုင်ပါ။ အပင်ထိပ်သည်တိုင်ပေါ်သို့ကျော်ထွက်နေပါမှ ပန်းကောင်းစွာပွင့်နိုင်ပြီး အပင်ရှည်ထွက်လွန်းနေပါက တိုင်ကို မြှင့်ပေးသင့်ပါသည်။
အပူချိန်နှင့်စိုထိုင်းဆ။      ။(Archnis) ကင်းမြီးကောက်သစ်ခွများသည် အမြဲပူနွေးသည့်ရာသီမျိုးကိုကြိုက်ပြီး အအေးဒဏ်ကို မခံနိုင်ပါ။ နေရောင်အပြည့်ရရှိရန်လိုပြီး အလွန်ပူလွန်းသည့်နွေရသီတွင် အရွက်မလောင်စေရန် အရိပ်ပါး မိုးပေးသင့်သည်။ မိုးမရွာသည့်နေ့များတွင် တစ်ပင်လုံးစိုရွဲနေအောင် တစ်ကြိမ်လောင်းပါ။ ပူပြင်းသည့်ရာသီတွင် နှစ်ကြိမ်လောင်းပါ။ ရေ၀ပ်သည်ကို မကြိုက်ပါ။
မြေသြဇာကျွေးခြင်း။        ။အော်ဂဲနစ်မြေသြဇာများဖြစ်သည့် နွားချေးခြောက်၊ သစ်ရွက်ဆွေးတို့ကို အပင်ခြေတွင်ပုံပေးပါက အပင်နှင့် အပွင့် ကောင်းစွာဖြစ်ထွန်းပါသည်။ ဓါတ်ပေါင်းမြေသြဇာ ၁၄ ပတ်လည်ကို တစ်လတစ်ကြိမ်ထည့်ပေးနိုင်ပြီး ၂၁-ပတ်လည်ကို တစ်ပါတ်တစ်ကြိမ်တစ်ပင်လုံးနှံ့အောင်ဖျန်းပေးပါက ပိုကောင်းပါသည်။

No comments:

Post a Comment