(Cattleya)
ကက်တလီယာ သစ်ခွစိုက်ပျိုးခြင်း
ကက်တလီယာသစ်ခွသည်
သစ်ကပ်သစ်ခွမျိုးများဖြစ်ပြီး စိုက်ပျိုးရန်လွယ်ကူပါသည်။ တုတ်ခိုင်သည့်
(pseudobulb) ဥယောင်ပင်စည် ပါရှိသည့်အတွက် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ ရေလောင်းမလွန်မိစေရန်
သတိပြုရမည်ဖြစ်ပြီး အစို အခြောက် တစ်လှည့်စီဖြစ်နေမှုကိုနှက်သက်သည့် သစ်ခွဖြစ်သဖြင့်
ရေ တစ်ကြိမ်နှင့်တစ်ကြိမ်အကြားတွင် အပင်၊ အမြစ်၊ ပွါးစာများ ခြောက်သွေ့နေစေရန်လိုအပ်ပါသည်။
သဘာဝ ကက်တလီယာသစ်ခွများသည် နည်းနည်းနှင့် ပုံမှန်ရွာသွန်းသောမိုးရေတွင် ပါဝင်လာသည့်
သစ်ရွက်ဆွေး၊ တိရစ္ဆာန်အညစ်အကြေများမှ မြေသြဇာ အာဟာရတို့ကို ရရှိပါသည်။ သစ်တောများ၏
သဘာဝအခြေအနေအရ အပူချိန်နှင့် စိုထိုင်းဆများမှာလည်း များစွာ ကွာဟမှု မရှိပါ။ သို့အတွက်
စိုက်ပျိုးရာတွင် သဘာဝပေါက်ရောက်သည့် အခြေအနေများကို ကြံဆ၍ စိုက်ပျိုးရပါမည်။
အပူချိန်နှင့်
စိုထိုင်းဆ။ ။ကက်တလီယာသစ်ခွများသည် ယေဘုယျအားဖြင့် နေ့အပူချိန်
၇၅ံF မှ ၈၅ံF နှင့် ညအပူချိန် ၆၀ံF ရှိနေသင့်ပါသည်။
နေ့နှင့် ည အပူချိန် ၁၀ံF မှ ၁၅ံ F ခန့်
ကွာခြားနေသင့်ပါသည်။ နေ့နှင့်ည အပူချိန်ကွာခြားမှုက
ပန်းဖူးများဖြစ်ပေါ်လာစေဖို့ အားပေးပါသည်။ စိုထိုင်းဆအနေဖြင့် ၄၀%မှ ၆၀%ခန့်ထိ
ရှိသင့်ပြီး အပူချိန်မြင့်လာသည်နှင့်အမျှ စိုထိုင်းဆကိုလည်း လိုက်၍မြှင့်ပေးသင့်ပါသည်။
အလင်းရောင်။ ။ကက်တလီယာသစ်ခွများသည်
သဘာဝတွင် အလင်းရောင်များသည့် နေပြောက်များကိုရရှိနေသဖြင့် အပင်ကြီးထွားမှုကောင်းမွန်စေရန်
တိုက်ရိုက်မဟုတ်ဘဲ လုံလောက်ကောင်းမွန်သည့် အလင်းရောင် ရရှိစေသင့်ပါသည်။လုံလောက်သည့်
အလင်းရောင်ရရှိနေပါက အရွက်များသည် အစိမ်းဖျော့ရောင်ရှိနေမည်ဖြစ်ပြီး အလင်းရောင်နည်းပါက
အစိမ်းရင့်ရောင် သန်းနေလိမ့်မည်။ အ၀ါရောင်သန်းနေပါက
အလင်းရောင်များနေပါသည်။
ရေလောင်းခြင်း။ ။သဘာဝတွင် သစ်ခွမြစ်များ အစို အခြောက် တစ်လှည့်စီ
ဖြစ်နေသဖြင့် စိုက်ပျိုးသည့်အခါ သဘာဝကိုတုလျှက်
ရေတစ်ကြိမ်နှင့် တစ်ကြိမ်အကြားတွင် အမြစ်နှင့် ပွါးစာများ ခြောက်သွေ့နေသင့်ပါသည်။ သို့သော် ရေငတ်လွန်း၍ (pseudobulb) ဥယောင်ပင်စည်များ
ရှုံ့မသွားစေသင့်ပါ။ အမြစ်၏ပတ်ဝန်းကျင် လေ၀င်လေထွက်ကောင်းမွန်စေရန် အိုးခဲကျိုး၊ မီးသွေးခဲတို့ဖြင့်
စိုက်သင့်ပါသည်။ ကက်တလီယာအတွက် လိုအပ်သည့် အပူချိန်ထက်မြင့်နေပါက တစ်နေ့ နှစ်ကြိမ်(သို့မဟုတ်)နေ့စဉ်
နံနက်စောစော တစ်ကြိမ်လောင်းပေးပါ။ ၇၅/၈၅ံ F
ဝန်းကျင်တွင်စိုက်ပျိုးထားပါက တစ်ပါတ်တစ်ကြိမ်/နှစ်ကြိမ်လောင်းပေးရုံဖြင့် လုံလောက်နိုင်ပါသည်။
မြေသြဇာကျွေးခြင်း။ ။ကက်တလီယာသစ်ခွသည်
အစာကို ဖြေးဖြေးမှန်မှန်စားသုံးသဖြင့် ၂၁၊ ၂၁၊ ၂၁ မြေသြဇာကို အခြေခံထား၍ အပင်ငယ်စဉ်တွင်
နိုက်ထရိုများသည့် ၂၅၊ ၅၊ ၅ ကဲ့သို့မြေသြဇာများကို ကျွေးသင့်ပြီး ပင်ပိုင်းကြီးထွားမှုပြီးဆုံးကာနီးလျှင်
၁၀၊ ၅၂၊ ၁၇ ကဲ့သို့ ဖော့စပိတ်များသည့် မြေသြဇာများကို ကျွေးသင့်ပါသည်။ မြေသြဇာများကို
အပါတ်စဉ် ပြင်းအားပျော့ပျော့သာ ဖျော်ကျွေးပါ။ ၁၄၊ ၁၄၊ ၁၄ ကဲ့သို့ Slow Release Fertilizer မြေသြဇာ အလုံးအခဲလေးများကိုလည်း
တစ်လ တစ်ကြိမ်ခန့် အိုးတွင်း ထည့်၍ ကျွေးနိုင်ပါသည်။
အမှာ။ ။ဤကက်တလီယာသစ်ခွများသည်တစ်ခါတစ်လေတွင်
စိတ်ညစ်စရာကောင်းတတ်ပါသည်။ အချို့အပင်များမှာ ပုံမှန်ကြီးထွားပြီး (သို့မဟုတ်) ပန်းပွင့်ပြီးနောက်
နားတတ်ပါသည်။ တစ်ခါတစ်ရံ ခြောက်လခန့် နားတတ်ပြီး တစ်ချို့ တစ်နှစ်ကျော်ခန့်ထိ နားတတ်ပါသည်။
သူတို့ အနားယူလျှင် သားတက်လည်းမထွက် ပန်းလည်းမပွင့်ပဲ သည်အတိုင်းအနားယူနေသည့်အတွက်
စိတ်ညစ်ရခြင်းဖြစ်သည်။
ယေဘုယျအားဖြင့်
အရွက်နှစ်ရွက်ရှိသော ကက်တလီယာသစ်ခွထက် တစ်ရွက်တည်းရှိသည့် ကက်တလီယာက ပန်းပွင့်ပိုလှ
ပိုကြီးတတ်ပါသည်။ သစ်ခွပန်းတို့တွင်လည်း ဤကက်တလီယာသစ်ခွပန်းမှာ အလှဆုံးဖြစ်ပါသည်။ နောက်ပိုင်းဝင်လာသည့် စပ်ထားသည့် ကက်တလီယာများမှာ
သိပ်အနားမယူပဲ တစ်နှစ်အတွင် နှစ်ကြိမ် သုံးကြိမ်ခန့်ပွင့်နိုင်ပါသည်။ ကောင်းမွန်စွာ
စိုက်ပျိုးနိုင်ကြပါစေ။
No comments:
Post a Comment