Phaloenopsis(ဖာလင်နော့ပ်ဆစ်)
လိပ်ပြာသစ်ခွစိုက်ပျိုးခြင်း
ဤသစ်ခွအုပ်စု ပန်းပွင့်များမှာ
ပိုးဖလံ Moth ကောင်များနှင့်တူသဖြင့် Moth Orchid ဟုခေါ်ကြပါသည်။ Phaloenopsis ဟူသောအမည်မှာ ဂရိစကားဖြစ်သော
Phalaina (ဖလံ)နှင့် Opsis (သဏ္ဌာန်)ဟူသောစကား
တို့မှဆင်းသက်လာခြင်းဖြစ်ပြီး ဖလံသစ်ခွဟု အဓိပ္ပါယ်ရပါသည်။ ဖာလင်နော့ပဆစ်သစ်ခွသည်
အရိပ်ကြိုက်သည့် သစ်ခွမျိုးဖြစ်ပြီး ကောင်းမွန်သည့် သဘာဝအလင်းရောင်ဖြင့်ပင်စိုက်ပျိုးနိုင်သည်။ သို့အတွက် နေအိမ်များ၊ ဧည့်ခန်းများတွင် လင်းအားကောင်းသည့်
မီးလုံး၊ မီးချောင်းများ သုံး၍စိုက်ပျိုးနိုင်ပါသည်။ ပန်းပွင့်များမှာ အပင်ပေါ်တွင်
၂-ပါတ်မှ ၃-ပါတ်ထိကြာရှည်ခံသည်။ ပန်းပွင့်ပြီးပန်းခိုင်ကို အောက်ဆုံးပန်းပွင့်ခဲ့သည့်
အဆစ်နားမှဖြတ်ပေးပါက အောက်အဆစ်ပန်းခိုင်အသစ်ထွက်လာနိုင်ပါသည်။ ရိုးတံဟောင်းမှ ထပ်ထွက်သည့်ပန်းပွင့်များမှာ
ပန်းပွင့်ပိုငယ်ပါသည်။
အပူချိန်နှင့်
စိုထိုင်းဆ။ ။ဖာလင်နော့ပဆစ်သစ်ခွများကို
၂၁ံC တွင်ထားပါက တစ်နှစ်ပတ်လုံးပန်းပွင့်နိုင်ပါသည်။ ပန်းပွင့်ဖူးများဖြစ်ပေါ်လာရန် နေ့အပူချိန် ၈၀ံ
/ ၈၅ံ F နှင့် ညအပူချိန် ၆၀ံ / ၆၅ံ F အတွင်းရှိနေသင့်ပြီး နေ့နှင့်ည အပူချိန် ၁၅
ံ / ၂၀ံ F ခန့်ကွာခြားနေစေသင့်ပါသည်။ နေ့နှင့်ည
အပူချိန်ကွာခြားမှုက ပန်းပွင့်ဖူးဖြစ်ပေါ်လာရန်အားပေးပါသည်။ ၈၅ံ F အထက် ၆၀ံF အောက်
အနည်းငယ် ပို/လိုတွင်လည်းစိုက်ပျိုးနိုင်ပါသည်။ စိုထိုင်းဆအနေဖြင့် နေ့ခင်းဘက်တွင်
၇၀% ညဘက်တွင် ၅၀% ခန့်ရှိနေသင့်ပါသည်။ ညဘက်အပူချိန်ကျဆင်းသည်နှင့်အမျှ
စိုထိုင်းဆပိုများတတ်သည်ကို သတိပြုပါ။
လေ၀င်လေထွက်။ ။သင့်တင့်ကောင်းမွန်သည့်လေ၀င်လေထွက်ရှိနေခြင်းသည်
ဖာလင်နော့ပဆစ်သစ်ခွများအတွက် မှိုနှင့် ဘက်တီးရီးယားကျရောက်ခြင်းမှ ကာကွယ်ပေးပါသည်။
ထို့ပြင်စိုထိုင်းဆများနေမှုကြောင့် ပန်းပွင့်များတွင် Sports အစက်များဖြစ်စေခြင်းမှလည်းကာကွယ်ပေးပါသည်။ အဖြူရောင်ဖာလင်နော့ပဆစ်သစ်ခွပန်းများမှာ ပန်းပွင့်ပေါ်ရေလောင်းမိပါက
Sports အစက်များဖြစ်လာတတ်ပါသည်။ ဖာလင်နော့ပဆစ်သစ်ခွပင် ပတ်ဝန်းကျင်တွင် ပုံမှန်လေပြေညှင်းတိုက်ခတ်နေစေသင့်ပါသည်။
ညအချိန်တွင် အပူချိန်ကျဆင်းသဖြင့် စိုထိုင်းဆများသွားနိုင်စေသောကြောင့် လေ၀င်လေထွက်ကောင်းမွန်စေရန်
အထူးဂရုစိုက်ပါ။
အလင်းရောင်။ ။ဖာလင်နော့ပဆစ်သစ်ခွများသည်အရိပ်ကြိုက်သည့်သစ်ခွဖြစ်သဖြင့်
၈၀%အရိပ်စ(သို့မဟုတ်)၅၀%အရိပ်စနှစ်ထပ်မိုး၍ စိုက်ပျိုးနိုင်သည်။ မနက်ပိုင်းတွင် ၉း၀၀
နာရီခန့်အထိ တိုက်ရိုက်နေရောင်ကျမှုကို ခံနိုင်ပြီး ထို့ထက်ပိုသည့်နေရောင်ခြည်များအပင်ပေါ်တိုက်ရိုက်ကျရောက်ပါက အရွက်များလောင်ပြီး နောက်ဆုံးအပင်သေသွားနိုင်ပါသည်။
နေရောင်ပြင်းပြင်း တိုက်ရိုက်ကျရောက်မှုကို
အထူးဂရုစိုက်ပါ။
ရေလောင်းခြင်း။ ။ဖာလင်နော့ပဆစ်သစ်ခွပင်များကို ၈၀ံ F ခန့်တွင်
သင့်တော်သည့် ပွါးစာနှင့်အိုးတွင်စိုက်ပျိုးထားပါက ၅-ရက်လျှင်တစ်ကြိမ်ခန့် ရေလောင်းရန်လိုပါသည်။ ဖာလင်နော့ပဆစ်သစ်ခွများသည်
(pseudobulb) ဥယောင်ပင်စည်မပါသည့်အတွက် ရေငတ်ဒဏ်ကို လုံးဝမခံနိုင်ပါ။ ရေကို အရွက်များတွင်သာ
သိုလှောင်ထားနိုင်ပြီး အပင်အတွက်လိုအပ်သည့်ရေကို စိုက်ပျိုးရာတွင်အသုံးပြုသည့်ပွါးစာတွင်
တွယ်ကပ်နေသည့် အမြစ်များမှသာစုပ်ယူနိုင်သည့်အတွက် ပွါးစာများကောင်းစွာ စိုစွတ်နေစေရန်လိုအပ်ပါသည်။
အပူချိန်ပြင်းသည့်ရာသီနှင့် ပူပြင်းသည့်နေ့များတွင် ပွါးစာခြောက်သွေ့မနေစေရန်ဂရုစိုက်သင့်ပါသည်။
စိုက်ပျိုးသည့် ပန်းအိုး ငယ်နေပါကလည်း ပွါးစာများလျှင်မြန်စွာ ခြောက်သွေ့နိုင်သဖြင့်
ရေထပ်လောင်းပေးရန်လိုပါသည်။ ဍရင်ကောက်မြစ်၊ အုတ်ခဲကျိုး၊ မီးသွေးခဲများအသုံးပြု၍စိုက်ပါက
နံနက် စောစောတစ်ကြိမ်နှင့် ညနေ လေးနာရီခန့်တွင် တစ်ကြိမ်ရေလောင်းပေးပါ။ ရေညှိများသုံး၍စိုက်ပါက
ပွါးစာမခြောက်သွေ့မီ ၅-ရက်ခန့်တစ်ကြိမ်၊ ရာသီပူပြင်း၍ ပွါးစာရေညှိခြောက်သွေ့မြန်ပါက
နှစ်ရက် သုံးရက်ခန့် တစ်ကြိမ်လောင်းပေးပါ။သစ်တုံးများ သစ်ပင်များတွင် ကပ်၍စိုက်ပျိုးပါက
ရေလိုအပ်ချက် ပိုများပါသည်။
မြေသြဇာကျွေးခြင်း။ ။ဖာလင်နော့ပဆစ်သစ်ခွပင်များကို
၅-ရက်တစ်ကြိမ်ရေလောင်းပါက တစ်ကြိမ်တွင် မြေသြဇာကျွေး၍ တစ်ကြိမ်တွင်ရေလောင်းပါ။ ၈၅ံ
F အထက်တွင်စိုက်ပျိုးထားပြီးနေ့စဉ်ရေလောင်းပါက တစ်ပါတ်တစ်ကြိမ်ခန့် ကျွေးသင့်ပါသည်။
ပန်းပွင့်ပြီးအပင်ကို နိုက်ထရိုများသည့် ၃၀၊ ၂၀၊ ၁၀ (သို့မဟုတ်) ၁၂၊ ၈၊
၎ (သို့မဟုတ်) ၂၅၊ ၅၊ ၅ ကဲ့သို့မြေသြဇာမျိုးကို
နှစ်ကြိမ်ခန့် ကျွေသင့်ပြီး ၂၁-ပတ်လည်(သို့မဟုတ်)၁၈ -ပတ်လည် မြေသြဇာများဆက်ကျွေးသင့်ပါသည်။
၁၄-ပတ်လည်(သို့မဟုတ်) ၁၅-ပတ်လည်ကဲ့သို့ Slow Release Fertilizer မြေသြဇာအလုံးလေးများကိုလည်း
ပွါးစာအတွင်းထည့်သွင်းကျွေးနိုင်ပါသည်။
အိုးပြောင်းခြင်း။ ။ဖာလင်နော့ပဆစ်သစ်ခွပင်များကို မည်သည့်ပွါးစားကိုပင်သုံး၍စိုက်ထားစေကာမူ
အိုးအတွင်း ရေ၀ပ်မနေစေရန်၊ ရေစီးဆင်းမှုအထူးကောင်းမွန်စေရန်ဂရုစိုက်ပါ။ ပွါးစာများသည်
အမြဲစိုစွတ်နေရမည်ဖြစ်ပြီး အိုးအတွင် ရေတင်ကျန်မှု လုံးဝရှိမနေစေသင့်ပါ။ အပင်ကြာလာသဖြင့်
အိုးတွင်းပွါးစာများထက် အမြစ်အပေါ်သို့ရောက်လာလျှင် သို့မဟုတ်အရွက်ခြောက်လာလျှင် အိုးပြောင်းပေးပါ။
ပွါးစာသစ်လဲပေးပါ။ အရွယ်အစား အလယ်အလတ်အိုးမျိုးတွင်စိုက်ပျိုးပါက ၁၄/၁၈ လခန့်တွင်တစ်ကြိမ်
အိုးပြောင်းသင့်ပါသည်။
No comments:
Post a Comment