အပင်တွေဟာ ပထမဆုံး ကာဗွန်နှင့်ရေကို အလင်းရောင်နဲ့ ကလိုရိုဖီးတို့နှင့် အစာချက်ရပါတယ်။ ဒီတော့မှ ကာဗိုဟိုက်ဒြိတ် (သကြားဓါတ်) ENERGY ရပါတယ်။ ဥပမာ ဆန်နှင့်ရေကို မီးနဲ့ အိုးနဲ့ချက်ရင်
ထမင်းရသလိုပေါ့။ ဒီလို သကြားဓါတ် များလာမှ (အားရှိလာမှ) သူတို့စားသုံးရတဲ့ မြေသြဇာပေါ်မူတည်ပြီး
အလုပ် လုပ်ပါတယ်။
ဒါကြောင့် နိုတ်ထရိုမြေသြဇာ ကျွေးလိုက်ရုံနဲ့ အပင် လှလာလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အစာမကျွေးမီ ပထမဆုံး အရွက်တွေမှာ ကလိုရိုဖီးလို့ခေါ်တဲ့အစိမ်းရောင် ကောင်းမွန်စွာရှိဖို့၊ ရေပုံမှန်ရနေဖို့၊
အလင်းရောင်လုံလောက်စွာရရှိဖို့ ဂရုစိုက်ပေးရပါမယ်။ အစာချက်နိုင်ဖို့ ကောင်းမွန်တဲ့ နေရာမှာ ထားပြီးမှ
မိမိကြိုက်တဲ့ N-P-K အချိုးအမျိုးမျိုးထဲက တစ်မျိုးကိုရွေးပြီးကျွေးရပါမယ်။ ဒါမှ ကြီးစေချင်တဲ့အပင်ကို
ကြီးခိုင်းလို့ရမယ်။ ပန်းပွင့်စေချင်တဲ့ အပင်ကို ပန်းပွင့်ခိုင်းလို့ ရပါမယ်။
Monday, December 16, 2013
Sunday, December 15, 2013
သစ်ခွများကို အစာကျွေးခြင်း
ပိုမိုသန်စွမ်းသော သစ်ခွများရရှိရန် အပင်သန်စွမ်းရန် သစ်ခွပန်းများပွင့်ရန် စတဲ့ လိုအပ်ချက်တွေကို
လိုက်ပြီး မြေသြဇာများ ကျွေးရပါတယ်။
မြေသြဇာထုပ် သို့မဟုတ် ဗူးတွေမှာ အထဲမှာပါဝင်တဲ့ မြေသြဇာတွေရဲ့ N.P K ပါဝင်မှု အချိုးကို ရေးသား
ဖော်ပြလေ့ ရှိပါတယ်။
ဥပမာ 21-21-21 / 10-52-17 / 12-8-4
ဒီထဲမှာ ရှေ့ဆုံးဂဏန်းက N လို့ခေါ်တဲ့ နိုတ်ထရိုဂျင်ကို ပြောတာပါ။ အလယ်ဂဏန်းက P လို့ခေါ်တဲ့
ဖော့စပိတ်မြေသြဇာဖြစ်ပြီး နောက်ဆုံးဂဏန်းက k လို့ခေါ်တဲ့ ပိုတက်စီယမ် မြေသြဇာကို ပြောတာပါ။
နိုတ်ထရိုဂျင်က အပင်ကြီးထွားဖို့အတွက် အဓိကအလုပ် လုပ်တယ်။ k လို့ခေါ်တဲ့ ပိုတက်ဓါတ်မြေသြဇာက
အပင်မာဖို့ ရောဂါစတဲ့ဒဏ် ခံနိုင်ဖို့အတွက် လိုအပ်တယ်။ အရေးကြီးဆုံးကတော့ အလယ်က p လို့ခေါ်တဲ့
ဖော့စပိတ်ပါ။ အပင်တွေရဲ့ ကြီးထွားမှု အစိတ်အပိုင်းတိုင်းမှာ သူပါမှဖြစ်တယ်။ အရွက်နု ၊ အမြစ်၊ အပွင့်၊ အသီး စတဲ့ အပင်ရဲ့ လိင်ပိုင်းအင်္ဂါကြီးထွားမှုတိုင်းမှာ သူပါမှဖြစ်တယ်။ဖော့စပိတ်မရှိရင် တခြားမြေသြဇာ
တွေရနေလဲ အလုပ်မလုပ်နိုင်ဘူးလို့ ဆိုချင်တာပါ။
ဒါကြောင့် အပင်ကြီးစေချင်တဲ့ခါ နိုတ်ထရိုများတဲ့ ဓါတ်မြေသြဇာကို ကျွေးရန်လိုအပ်ပြီး ပန်းပွင့်စေချင်တဲ့ခါ
ဖော့စပိတ်နဲ့ ပိုတက် များတဲ့ ဓါတ်မြေသြဇာတွေကို ကျွေးဖို့လိုပါတယ်။
ဒီလိုကျွေတဲ့ခါ နိုတ်ထရိုများတဲ့ ဓါတ်မြေသြဇာကိုချည်းများများကျွေးရင် အပင်တော့ကြီးလာမယ်။ ဒါပေမယ့်
အပင်ကနု နေလိမ့်မယ်။ အကျိုးဆက်ကရောဂါစတဲ့ဒဏ်တွေ မခံနိုင်တော့ဘူး။ ပန်းမပွင့်နိုင်ဘူး။
ဖော့စပိတ်များတဲ့ဓါတ်မြေသြဇာကို များများကျွေးမိရင် အပင်က နိုတ်ထရို နည်းသွားတဲ့အတွက် အောက်
အရွက်တွေ ၀ါပြီးကြွေသွားလိမ့်မယ်။ သစ်ခွတွေမှာ အောက်အရွက်တွေ ကြွေနေရင် အပင်ကမကြီးတော့ဘူး။
အရွက်အများကြီးရှိတဲ့ သစ်ခွပန်းပင်ကမှ ပန်းတွေ အများကြီးပွင့်နိုင်ပါတယ်။
ဒါကြောင့်မို့ မြေသြဇာကျွေးတဲ့ခါ နိုတ်ထရိုများတဲ့လက္ခဏာ ဖော့စပိတ်များတဲ့ လက္ခဏာတွေကို
လေ့လာမှတ်သားထားဖို့လိုပြီး မြေသြဇာတွေကို ချင့်ချိန်ပြီး ကျွေးတတ်ရပါမယ်။
လက်တွေ့ သစ်ခွစိုက်ပျိုးနည်းစနစ်များ
သစ်ခွစိုက်ပျိုးတော့မည်ဆိုပါက ပထမဆုံး အလင်းရောင်၊ ရေနှင့် လေ၀င်လေထွက်ကောင်းမွန်မှုတို့ကို စဉ်းစားရန်လိုပါသည်။
ယင်းသုံးမျိုးတို့တွင် မည်သည်ကပိုအရေးကြီးသည်ဟု ပြောရန်ပင်ခဲယဉ်းသည်။ သုံးမျိုးစလုံး အလွန်
အရေးကြီးသည်ဟု တွေးထားရန် လိုပါသည်။ အဘယ်ကြောင့်ဆိုသော်
အလင်းရောင်
သစ်ခွများအတွက် သူတို့ခံနိုင်သော နေအလင်းရောင်ကို တနေ့တာလုံး ရနိုင်သမျှ များများ ရရှိနိုင်ရန်
လိုအပ်ပါသည်။
ဥပမာ လိပ်ပြာသစ်ခွအတွက် တိုက်ရိုက်နေရောင်ခြည်၏ ၃၀% (သို့မဟုတ်) ၅၀% ကိုလိုအပ်မှာဖြစ်ပြီး
မိုးပေါ်ထောင် သစ်ခွအများစုအတွက် ၇၀% (သို့မဟုတ်) ၉၀ % ကိုလိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်သော
အလင်းရောင်ရရှိနိုင်ရန် အရိပ်ပိုက်၊ အုန်းလက် စသည်တို့ဖြင့် မိုးပေးရမှာ ဖြစ်ပါတယ်။ စပိုက်ဒါစတဲ့
နေရောင်တိုက်ရိုက်ကိုကြိုက်တဲ့ သစ်ခွတွေကလွဲပြီးကျန်တဲ့သစ်ခွတွေကို လိုအပ်တဲ့ နေရောင်တွေရနိုင်ဖို့
အရိပ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ရေ
သစ်ခွတွေက ရေငတ်ခံနိုင်တယ်ဆိုပေမယ့် ရေပုံမှန်လောင်ပေးဖို့ လိုပါတယ်။ ရေလောင်းတဲ့ခါ တစ်ပင်လုံး
မိနစ် ၂၀ ကနေ ၁ နာရီ ၀န်းကျင်လောက်ထိ စိုရွှဲနေအောင်လောင်းပေးရပါမယ်။ သို့သော်လည်း ရေ
ဝပ်ခြင်း ရေတင်ကျန်နေခြင်းမျိုးမဖြစ်အောင် ဂရုစိုက်ပေးရန် လိုအပ်ပါတယ်။ရေကို တစ်နေ့ နှစ်ကြိမ်၊
နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးရန် လိုပါတယ်။ မနက်ပိုင်းရေကို ၉း၃၀ အချိန်ထိ လောင်းပေးနိုင်ပြီး ညနေရေလောင်းတဲ့ခါ ၄း ၀၀ နောက်ပိုင်းလောင်းနိုင်ပါတယ်။
လေ၀င်လေထွက်
သစ်ခွတွေ ကျန်းမာဖို့အတွက် လေ၀င်လေထွက်ဟာလည်း အလင်းရောင်နှင့် ရေတို့နည်းတူ အရေးကြီးပါ
တယ်။ ဒါကြောင့် သစ်ခွတွေကို စင်မှာစိုက်တဲ့ခါဖြစ်စေ အိုးဆွဲချိတ်ပြီး စိုက်တဲ့ခါဖြစ်စေ အလင်းရောင်
ရနိုင်တဲ့နေရာ လေ၀င်လေထွက်ကောင်းမွန်တဲ့နေရာတွေကို ရွေးချယ်ဖို့ လိုပါတယ်။

Subscribe to:
Comments (Atom)